Sunday 10 June 2012

ကမ္ဘာမှာ အိုင်တီနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ မြန်မာပြည်ကလည်း နောက်ကချန်မနေဘဲ အမီလိုက်နေတာကို တွေ့နေရပါတယ်။


ကမ္ဘာမှာ အိုင်တီနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ မြန်မာပြည်ကလည်း နောက်ကချန်မနေဘဲ အမီလိုက်နေတာကို တွေ့နေရပါတယ်။
အရင်ကဆို မြန်မာတွေဟာ ရပ်ကွက်ကြို ရပ်ကွက်ကြား၊ ဘတ်စ်ကားပေါ်နဲ့ ငါးစိမ်းတန်းလို နေရာတွေမှာပဲ အော်ဟစ်ဆဲဆို ရန်ဖြစ်ကြပေမယ့် အခုဆိုရင် အဆင့်မြင့်မြင့် အင်တာနက်ပေါ်ကနေ ဆဲကြ၊ ရန်ဖြစ်ကြတာကို ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့နေရပါပြီ။
ဒီလို ဆဲရာ၊ ရန်ဖြစ်ရာမှာလည်း အရင်လို တရပ်ကွက်လောက် ကြားရုံ ဟိုဘက်အိမ်ကနေ ဒီဘက်အိမ်၊ ဟိုဘက်လမ်းကနေ ဒီဘက်လမ်းနဲ့တင် ဖြစ်ကြတာ မဟုတ်တော့ဘဲ မြန်မာပြည်ကနေ အမေရိကန်၊ အင်္ဂလန်ကနေ စင်ကာပူ၊ မလေးရှားကနေ တောင်အာဖရိက၊ ထိုင်းနိုင်ငံကနေ ရုရှား စသည်ဖြင့် နိုင်ငံတကာလှည့်လည် ရန်ဖြစ်နေတာကို တွေ့ရတဲ့အတွက် ကမ္ဘာမှာ မြန်မာဟေ့ဆိုပြီး ဂုဏ်ယူမယ်ဆို ဂုဏ်ယူလို့ရတဲ့ အနေအထား တရပ်ဖြစ်နေပါတယ်။ ဒါဟာ ဖြစ်ပေါ်တိုးတက်လာတဲ့ နည်းပညာကို မြန်မာတွေလည်း အကျိုးရှိရှိ ပါဝင်အသုံးချနေကြတယ်လို့ ဆိုရမှာပါ။


အင်တာနက် လူမှုကွန်ရက်တွေနဲ့ အိုင်တီနည်းပညာတွေကို မြန်မာတွေ အကျိုးရှိရှိ အသုံးချရာမှာ နည်းပညာ ဖြန့်ဝေမှုတွေကိုလည်း သူ့ထက်ငါ ပြုလုပ်လာတာ တွေ့ရပါတယ်။ အဲဒီလို ဖြန့်ဝေတဲ့အတွက် နိုင်ငံတကာမှာ ဘယ်သူမှ မသုံးသေးတဲ့ ဆဲနည်းတွေဟာ ကျမ်းတစောင် ပြုစုနိုင်လောက်တဲ့အထိ ကမ္ဘာနဲ့အဝန်း ပြန့်နှံ့နေပါပြီ။ ဒီလို အမျိုးမျိုးအဖုံဖုံ ဆဲနေကြတာကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်သူတွေဟာ စိတ်ခံစားမှု အားကောင်းတယ်လို့ ကြံဖန်ဂုဏ်ယူလို့ရပါတယ်။ တချို့နိုင်ငံတွေဆို ခံစားမှုတွေမရှိတော့ဘဲ စက်ရုပ်ဆန်လာတဲ့အတွက် စိုးရိမ်စရာအခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ပညာရှင်တွေက သုံးသပ်ကြတာကိုး။
ဆွေးနွေးပွဲကြီးတွေ၊ ဖိုရမ်ကြီးတွေ၊ ဒီဘိတ်တွေဟာလည်း လူမှုဆက်သွယ်ရေး ကွန်ရက်တွေမှာ နင်ပဲငဆ အပြိုင်အဆိုင် ကျင်းပနေကြတာ အားရစရာ ကောင်းလှပါတယ်။
ဆက်ရရင် တိုးတက်လာတဲ့ နည်းပညာကို၊ လူမှုဆက်သွယ်ရေး ကွန်ရက်တွေကို အကျိုးရှိရှိ အသုံးချရာမှာ ကမ္ဘာမှာ မြန်မာဟေ့လို့ လက်သီးလက်မောင်းတန်း ကြွေးကြော်နိုင်တဲ့အထိကို တိုးတက်လာတာဟာ ဝမ်းမြောက်ဖွယ်လို့ ပြောလို့ ရနေပါတယ်။
ဥပမာအားဖြင့် လူမှုကွန်ရက်တခုမှာ သင်ဟာ “ခေါင်းကိုက်တယ်” လို့ တင်လိုက်တာနဲ့ အားလုံးဝိုင်းပြီး ဘာဆေးသောက်လို့ ညွှန်းကြပါလိမ့်မယ်။ “ဗိုက်ဆာလိုက်တာ” လို့ ရေးလိုက်ပြန်ရင်လည်း ချက်ချင်း စားသောက်ဖွယ်ရာ ဓာတ်ပုံတွေ သင့်ရှေ့ကို ရောက်လာပါလိမ့်မယ်။ “စိတ်ညစ်လိုက်တာ” လို့များ ပြောလိုက်လို့ကတော့ အားလုံး ဝိုင်းပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ပေါက်သွားတဲ့အထိ ပြောကြဆိုကြ၊ ဝေဖန်ကြ၊ ဖျောင်းဖြကြပါလိမ့်မယ်။
ဒါတင်ပဲလား ဆိုတော့ မကပါဘူး။ “ဘာဟင်းကို ဘယ်လိုချက်ရလဲဟင်” လို့ တခွန်းလောက် မေးလိုက်တာနဲ့ ဗားရှင်း အမျိုးမျိုးသော ချက်နည်းပြုတ်နည်းတွေဟာ သင့်ရှေ့ကို စက္ကန့်မဆိုင်းဘဲ ရောက်လာပါလိမ့်မယ်။
အခုဆို ရခိုင်ပြည်နယ် ပဋိပက္ခလို အရေးအခင်းတွေ ပေါ်လာတော့လည်း မနုဿဗေဒပညာရှင်တွေ၊ နိုင်ငံရေးဂုရုတွေ လက်မှိုင်ချရလောက်အောင် ဆွေးနွေးငြင်းခုန်၊ ရန်ဖြစ်၊ မနိုင်ရင် အုပ်စုဖွဲ့ပြီး ချနေတာကတော့ စစ်ပွဲတပွဲအလား အောက်မေ့ရပါတယ်။
အဲဒီလို စက္ကန့်နဲ့အမျှ နည်းပညာကို ကမ္ဘာနဲ့ရင်ပေါင်တန်းပြီး မြန်မာပြည်သူတွေ အသုံးချနေ ကြတဲ့အချိန်မှာ နိုင်ငံတော်ကလည်း အားကျမခံ နည်းပညာအသစ်တွေကို ခေတ်မီအိုင်တီ ကွန်ရက်တွေ အသုံးမပြုနိုင်တဲ့ ပြည်သူပြည်သားတွေအတွက် ဖြန့်ဝေပေးနေတာ ကျေနပ်စရာ တွေ့နေရပါတယ်။ မြန်မာပြည်သူပြည်သားတိုင်း အင်တာနက် မသုံးနိုင်သေးပေမယ့် သန်းပေါင်းများစွာသော မြန်မာပြည်သူတွေဟာ သတင်းစာတော့ ဖတ်ကြတယ်လို့ အတည်မပြုနိုင်တဲ့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းများအရ သိထားရပေတာကိုး။
လတ်တလောမှာပဲ နည်းပေးလမ်းညွှန်ချက် နှစ်ရပ်ကို နိုင်ငံတော်က စေတနာနဲ့ လျှို့ဝှက်မှုမရှိဘဲ အံ့မခန်း ပြောပြလိုက်တာ အင်တာနက်ထက် ထိရောက်တဲ့ သတင်းစာတွေထဲမှာ တွေ့ကြရမှာပါ။
အဲဒီ နည်းပညာတွေဟာ အရမ်းအရမ်းကို ခေတ်မီပြောင်မြောက်လွန်းတဲ့အတွက် အင်တာနက် အသုံးပြုသူတွေကလည်း မနေနိုင်ကြပါဘူး။ သူတို့ကနေတဆင့် ကမ္ဘာအရပ်ရပ်ကို ပြန့်နှံ့အောင် ဖြန့်ဝေလိုက်ကြပါပြီ။ အိမ်နီးချင်းနိုင်ငံတွေရော ကမ္ဘာ့နိုင်ငံ အရပ်ရပ်ကပါ ချီးကျူး အတုယူရလောက်တဲ့ ဒီနည်းပညာတွေကို ဖော်ပြချင်ပါတယ်။
ပထမတခုကတော့ လက်ကိုင်ဖုန်းကို အကျိုးရှိရှိ အသုံးချနည်းဖြစ်ပါတယ်။ ဒီနည်းဟာ ကမ္ဘာမှာ ဘယ်သူမှ မသုံးသေးတဲ့ နည်းဖြစ်ပါတယ်။ လက်ကိုင်ဖုန်း အသုံးပြုသူတွေ အနေနဲ့ စာအုပ်၊ ဘောလ်ပင်ဆောင်ထားပြီး လူတကာဆီကနေ ဖုန်းနံပါတ် လိုက်တောင်းရမယ်၊ ဖုန်းကို ကြွားဖို့အတွက် ကိုင်ရုံ ကိုင်မထားဘဲ များများဆက်ရမယ် ဆိုတာကို သတင်းစာကတဆင့် ပြည်သူတွေကို အသိပညာ ဖြန့်ဝေပေးလိုက်တာပါ။ အဲဒီ လမ်းညွှန်မှုကို စင်ကာပူအစိုးရက တွေ့သွားပြီး ဖုန်းသိပ်မဆက်ဘဲ SMS တွေပဲ ပို့ပို့နေတတ်တဲ့ သူတို့နိုင်ငံသားတွေကို လွှတ်တော်ကဆင့် ဖုန်းများများဆက်ကြဖို့၊ မြန်မာနိုင်ငံကို အတုယူဖို့ ပြောကြားလာဖွယ်ရှိကြောင်း ပညာရှင်တွေက သုံးသပ်နေကြပါတယ်။
နောက်တခုက ပိုအရေးကြီးပါတယ်။ အာဆီယံနိုင်ငံတွေနဲ့တကွ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတုယူရမယ့် ကိစ္စပါ။ အဲဒါကတော့ ကမ္ဘာနဲ့အဝန်း ပညာရှင်တွေ သိပ်ကို သိချင်နေကြတဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေး လျှို့ဝှက်ချက်ကြီး ဖြစ်ပါတယ်။ ဘယ်သူမှ မသိသေးတဲ့နည်းကို နိုင်ငံပိုင် သတင်းစာတွေကတဆင့် ဖော်ထုတ်ပေးလိုက်တဲ့အတွက် နောက်တကြိမ်ကျင်းပမယ့် ကမ္ဘာ့ အီကိုနောမစ် ဖိုရမ်က မြန်မာသမ္မတကို ဖိတ်ကြားပြီး စာတမ်းဖတ်ခိုင်းဖို့ အစီအစဉ်ရှိနေပါတယ်။ မကြာသေးခင်က ထိုင်းနိုင်ငံမှာ ကျင်းပသွားတဲ့ အီကိုနောမစ် ဖိုရမ်က ဒီနည်းပညာကို မမီလိုက်တဲ့အတွက် ပညာရှင်တွေ တောက် တခေါက်ခေါက် ဖြစ်နေတယ်လို့ အတည်မပြုနိုင်တဲ့ သတင်းရပ်ကွက်က ကြားသိရပါတယ်။
နောက်တကြိမ်ကျင်းပမယ့် အီကိုနောမစ် ဖိုရမ်မှာ မြန်မာပညာရှင်တွေအစား သမ္မတကြီး ဖတ်ကြားမယ့် စာတမ်းခေါင်းစဉ်ကတော့ “ဆင်းရဲမွဲတေမှု ပပျောက်ဖို့ အောင်ဘာလေထီ များများ ထိုးကြစို့” လို့ အမည်ရပါတယ်။
သမ္မတကြီး မဖတ်ကြားခင်မှာ ဒီစာတမ်းဟာ မြန်မာအင်တာနက် သုံးစွဲသူများ ကျေးဇူးကြောင့် ကမ္ဘာအရပ်ရပ်ကို ပြန့်နှံ့သွားပါပြီ။
နိုင်ငံတော်အစိုးရရဲ့ စေတနာနဲ့ နောက်ထပ် ဖြန့်ဝေမယ့် နည်းပညာသစ်တခုကတော့ “မီးမလာရင် ဖရောင်းတိုင်ထွန်းပါ” ဆိုတဲ့ နည်းပညာဖြစ်သင့်ပေမယ့် ဒီနည်းပညာကို သမ္မတ အကြံပေးတယောက်က သတင်းစာထက် ဦးအောင် ပြောပြီးသားမို့ သတင်းစာကနေ အကျယ်တဝင့် မဖော်ပြတော့ဘူးလို့ သိရပါတယ်။
(Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။)(ဧရာဝတီ)

No comments:

Post a Comment